Wednesday 20 October 2010

အဖေ

အဖေ့မွေးနေ့ရောက်ပြီ။ လျော့ရဲရဲ အရေပြား အောက်တွင် အဖေ့ရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းမှု၊ ကျနော်တို့ အတွက် ချစ်ခြင်းမေတ္တာ၊ စသည် စသည်တို့ ကိန်းအောင်းနေသည်။

ကျနော်တို့ မောင်နှမ တသိုက်ကို မည်သို့သော အကြောင်းနှင့်မှ မျက်နှာ မညိုစေခဲ့သည့် အဖေ ….

မိသားစုအရေးကို အစဉ်တစိုက် ရှေ့တန်းတင်ခဲ့သူ အဖေ ….

အဖေ ပင်ပန်းနေရှာပြီ။

အဖေ ဖြတ်သန်းခဲ့ရသည့် ဘဝခရီးမှာ ဖြောင့်ဖြူးလှသည်တော့ မဟုတ်၊

လူလတ်တန်းစား အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသော အဖေသည် ငယ်စဉ်က အဒေါ်ဖြစ်သူ၏ အိမ်တွင် နေထိုင်၍ ကျောင်းတက်ရသည်။ ကိုယ်ပိုင် အိမ်ယာ မဟုတ်သောကြောင့် အဒေါ် ထားသလိုနေရသည်၊ မနက်အစောထ၍ တအိမ်သားလုံးအတွက် ထမင်းအိုး၊ ရေနွေးအိုး တည်ရသည်။ လက်မောင်းများ ထုံကျင်တက်လာသည်အထိ အဒေါ့် အတွက် သနပ်ခါး သွေးပေးရသည်။ ကျောင်းဝတ်စုံကို ကိုယ်တိုင် မီးပူတိုက်ရသည်။ ရှူးဖိနပ်ကို ကိုယ်တိုင်စီးရသည်။

ကျောင်းဝတ်စုံများ မီးကျွမ်းခဲ့သဖြင့် အဒေါ်ပေးသည့် ညစာလွတ် ပြစ်ဒဏ် ခံခဲ့ရပုံ၊ ကျောင်းတက်ခါစ ရှူးဖိနပ် မစီးတတ် သဖြင့် အတန်းဖော် လူကုန်ထံဖွားတို့၏ မကြာခန အလှောင်ခံခဲ့ရပုံ၊ စသည့် ခါးသီးမှုတွေကို ဟာသစွက်ပြီး ကျနော်တို့ မောင်နှမတွေ ရယ်မောအောင် အဖေ ပြောပြတတ်သည်။

ကျောင်းလွှတ်လျှင် အဒေါ်ဖြစ်သူ၏ ဆိုင်ကို အပြေးအလွှားသိမ်းရသည်၊ အိမ်ပြန်ရောက်လျှင် ကြမ်းပြင်ကို ပြောင်လက်နေ အောင် အုန်းခွံနှင့် တိုက်ရသည်။ သက်တူ ရွယ်တူများနှင့် ကစားရန် ဝေးစွ၊ စာကျက်ချိန်ကို မနည်းလုရသည်။ သို့သော် နှစ်တိုင်းလိုလိုပင် ပထမ၊ ဒုတိယ၊ တတိယ ဆုတခုခု ရခဲ့သည်။

တက္ကသိုလ် ဆက်တက်ရန် အခြေအနေမပေးခဲ့သောအဖေ ကိုယ့်ဘဝကို ကိုယ့်တိုင်သာ မောင်းနှင်ရတော့သည်။ ဘဝခရီး ကို ဖြတ်သန်းရန် ပန်းတိမ်ပညာကို ဦးစွာ အဖေသင်ယူသည်။ ပန်းတိမ်ပညာနှင့် အသက်မွေး နေစဉ် မှာပင် မေမေ နှင့် လက်ထပ်ပြီး ဘဝခရီးကို စတင်ခဲ့သည်။

အိမ်ထောင်ဦးစီး တာဝန် အလိုလိုရရှိလာသည့် အဖေ၊ အလုပ်တခု အဆင်မပြေ အခြားအလုပ်တခု ပြောင်းပြီး မိသားစု အရေးကို ဖြေရှင်းခဲ့ရသည်။ ကားအရောင်းအဝယ်၊ ကျောက်အရောင်းအဝယ်၊ ဆီစက်လုပ်ငန်း၊ စသည့်လုပ်ငန်းတို့ကို ဆေးလိပ်မစွက်၊ အရက်မဖက်စေဘဲ အဖေ လုပ်ခဲ့ဖူးသည်။

အဖေနှင့် ခွဲနေခဲ့ရသည်မှာ အချိန်ကာလ တခုတိုင်ခဲ့ပြီ။

သားသမီးတွေကို စိတ်တိုင်းမကျသည့်အခါ ပေါ်လာတတ်သည့် အဖေ့ မျက်မှောင် ကုပ်ကုပ်တွေကို ကျနော် လွမ်းသည်။

အိမ်နောက်ဖေးတွင် အပင်များနှင့် တကုပ်ကုပ်အလုပ်ရှုပ်နေမည့် အဖေ့ကို ကျနော် တွေ့ချင်သည်။

Email, message, phone, internet တို့မှတဆင့် ဆက်သွယ်နေရသည့်ဘဝကို ကျနော် ငြီးငွေ့ပြီ။

………………………………………….

……………………………………………………………………..

………………………………………………………………………………..

ယနေ့ကျရောက်သည့်မွေးနေ့မှ စပြီး နောင် နှစ်ပေါင်းများစွာတိုင်အောင် အဖေ ကျန်းမာ ပျော်ရွှင်နေပါစေ .....


၊အဖေ့ မွေးနေ့အတွက်၊

9 comments:

သဒ္ဓါလှိုင်း said...

အချိန်ပေးပြီး လာလည်တဲ့အတွက် ကျေးဇူးတင်
ဝမ်းမြောက်မိပါတယ်။ စာလာဖတ်ပါတယ်..။
ဆက်ရေးဖို့လည်း မျှော်လင့်မိပါတယ်..။
အဖေမွေးနေ့ပိုစ့်လေးလည်း ဖတ်သွားပါတယ်..
ဘလော့ရှင်ရဲ့အဖေလည်း ကျမ်းမာချမ်းသာပြီး
သက်ကျော်ရာကျော်ရှည်ပါစေ..။

ခင်မင်စွာ
မသဒ္ဓါ

အနော် said...

အသက်တစ်နှစ်ကြီးလာတဲ့ အဖေနဲ့ အိမ်ကို တစ်နှစ်ထက်တစ်နှစ် ပိုခင်တွယ်လာတဲ့သား.. အိမ်မှာအတူတူ ထမင်းတစ်ဝိုင်းတည်းစားခွင့်၊ အဆူခံခွင့်၊ အဖေ့မျက်နှာ အမေ့မျက်နှာကို အမြဲမြင်ခွင့် ရပါစေ ..
ဆုတောင်းပေးပါတယ် မောင်လေးရေ..

သိင်္ဂါကျော် said...

အဖေလည်း အသက်ရာကျော် ရှည်ပြီး ချစ်သော သားသမီးတွေနဲ့ အတူ နေနိုင်ပါစေ နော်..

witch83 said...

Happy Birthday to your Dad. :)

Cameron said...

ချစ်တဲ့ မိသားစုနဲ့အတူ အဖေလည်း ကျန်းမာစွာ အတူနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်....။ စာတွေလဲ များများရေးနိုင်ပါစေ....
လာအားပေးပါဦးမယ်...။ ဘလော့ဂါတိုင်းလိုလို အဖေပို့စ်ကိုရေးတတ်ကြပါတယ် အချိန်ရရင် လိုက်လေ့လာစေချင်ပါတယ်....။

Shinlay said...

ကျမမှာတော့ အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရ
သိပ်မရှိပါ။ အဖေ ကြောင့်ဝမ်းနည်းစရာ ခံစားချက်တွေသာရှိခဲ့ပါတယ်။ ဒါပေမဲ့ အဖေအကြောင်း ရေးတာတွေဖတ်ရတော့ ကျမအဖေကို အမှတ်ရမိတယ်။

Happy birthday to your Dad!!!

Bravo said...

ကျနော့်အဖေလည်း
ငယ်ငယ်တုန်းက ရှစ်တန်းနဲ့ကျောင်းထွက်လိုက်ရတယ်
ဒါကြောင့်ကို ကျနော့်ကို တက္ကသိုလ် ပို့ခဲ့တာတဲ့

နေ့အိပ်မက် said...

နေ့အိပ်မက်လည်း ဖေဖေ့ကို ပိုလွမ်းသွားပြီ။ စာရေးသူအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ ခွဲနေရတဲ့သူတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်ဆုံတွေ့နိုင်ကြပါစေ။

နရီလင်းလက် said...

အိမ်းးးးဖတ်လို့ ကောင်းသကွ ဆက်ရေးနိုင်ပါစေ